ဟားခါးတွင် ကိုယ်ထူကိုယ်ထ အောက်စီဂျင်စက်ရုံ ယခုလအတွင်းတည်ဆောက်မည်

| The Chin Journal | Hakha, Chin State

ဟားခါးမြို့နယ် ပြည်သူ့ကျန်းမာရေးအဖွဲ့ (Hakha Township Public Healthcare-HTPH) ဦးစီးဆောင်ရွက်မှုဖြင့် ဟားခါးမြို့တွင် ကိုယ်ထူကိုယ်ထ အောက်စီဂျင်စက်ရုံ ယခုလအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟားခါးမြို့နယ် ပြည်သူ့ကျန်းမာရေးအဖွဲ့ (HTPH) သည် COVID-19 တတိယလှိုင်းစတင်ဖြစ်ပွားပြီးနောက်ပိုင်း ဟားခါးမြို့နယ်အတွင်းရှိ ခရစ်ယာန်ဂိုဏ်းပေါင်းစုံလူကြီးများဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ကျန်းမာရေးကူညီဆောင့်ရှောက်ရေးအဖွဲ့ဖြစ်သည်။

ပြည်တွင်းနှင့် နိုင်ငံတကာ ချင်း (လိုင်) ခရစ်ယာန်အသင်းတော်များမှ အလျူငွေထည့်၀◌င်ကြပြီး ကျပ်သိန်းပေါင်း ၃၆၀၀ အကုန်ကျခံကာ အောက်စီဂျင်စက်ရုံကို တည်ဆောက်သွားမှာ ဖြစ်ကြောင်း HTPH ဒါရိုက်တာ သိက္ခာတော်ရဆရာတော် နီကျုံးထန်းက ပြောသည်။

“ပြည်တွင်းပြည်ပ ချင်းအသင်းတော်တွေရဲ့ကူညီမှုနဲ့ ကျနော်တို့ ကျပ်သိန်း ၃၆၀၀ အကုန်ကျခံပြီး ယခုလအတွင်း တည်ဆောက်သွားဖို့ စီစဉ်ထားပါတယ်။ စက်ပစ္စည်းတစ်ချို့ ရန်ကုန်ကို ရောက်နေကြပါပြီ။ ဒီလ ၂၂၊ ၂၃ မှာတော့ ဟားခါးမြို့ကို ရောက်ရှိလာမယ်လို့ မျှော်မှန်းထားတယ်” လို့ပြောပါတယ်။

အဆိုပါအောက်စီဂျင်စက်ရုံတည်ဆောက်ပြီးပါက တစ်မီနစ်ကို အောက်စီဂျင် ၅၀၀L ထုတ်လုပ်နိုင်မှာဖြစ်သည်။

အောက်စီဂျင်စက်ရုံတည်ဆောက်ရန် နေရာနှင့် လိုအပ်သော မီးစက်များကိုလည်း ဟားခါးမြို့နေ ဦးထောင်ကီးယာန်းမှ လှူဒါန်းထားကြောင်းသိရသည်။

COVID-19 တတိယလှိုင်းဖြစ်ပွားပြီးနောက် HTPH မှ ဟားခါးမြို့ အထက (၃)တွင် Community Care Center (1) တစ်ခုဖွင့်လှစ်ပြီး အဆိုပါနေရာတွင် မည်သူမဆို အခမဲ့ COVID-19 ပိုးစစ်ဆေးခြင်းနှင့် လူနာများကုသခြင်းဆောင်ရွက်ပေးလျှက်ရှိသည်။

HTPH Community Care Center တွင် COVID-19 လူနာ ၃၀ ကျော် ဆေးကုသပေးလျှက်ရှိရာ ဟားခါးမြို့တွင်း မိသားစုနှင့် အဖွဲ့စည်းများမှ လူနာများအတွက် အစားအသောက်များ နေ့စဉ်လျူဒါန်းပေးလျက်ရှိသည်။

COVID-19 အသည်းအသန်လူနာများ ဆေးကုသနိုင်ရန် နောက်ထပ် Community Care Center (2) တစ်ခုကိုလည်း Carson Hall တွင် ဖွင့်လှစ်ရန် HTPH မှ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Latest News

News in Burmese